Blog တခုတည်ဆောက်ထားမိသည် အဓိကတော့စာရေးလို၍ မဟုတ် Blog ကိုစိတ်ဝင်စား၍သာဖြစ်သည် သူငယ်ချင်းအများစုက နေ့စဉ်ရေးနေကြသည် ကိုယ့်အတွက်တော့ စာရေးရမှာပျင်းသည် မရေးတတ်ဘူးလို့ ၀န်ခံရလျှင် အမှန်ဆုံးဖြစ်မည်သေချာနေခဲ့၏ အခုကျနော်တို့ တက္ကသိုလ်နေရာကား စာရေးဖို့ အကောင်းဆုံးသောနေရာလေးတစ်ခုဖြစ်သည် ဘာကြောင့်လည်းဆိုတော့ လွင်ထီးခေါင် မှာဖြစ်နေလို့ပဲ ... ဆူးချုံတွေကလွဲပြီး အမှန်အကန်သစ်ပင်ဆိုတာ မရှိသလောက်ရှားသည် နွေရာသီ လေအဝှေ့မှာ သဲမှုန်လေးများက စကားပြောခွင့်တောင်မပေး ရယ်နေတဲ့သူအတွက် .... ပြောဘွယ်မရှိတော့ပြီ ကျနော်တခါတခါ ရှမ်းတောင်တန်းကို လွမ်းမိသည် လတ်ဆတ်တဲ့လေထုတွေထဲမှာ ချယ်ရီရနံ့လေးတွေက သဘာဝကျကျ ရောစပ်ထားသလားထင်ရအောင် ရှူလိုက်မိသူ အတွက် ဘ၀တစ်ခုလုံးကို ပေါ့ပါးသွားစေသည်... ထို့ထက် လွမ်းမိ သည်ကား ရှမ်းပြည်နယ်ရဲ့ချောင်ကျကျ တစ်နေရာက ရိုးသာမှုတွေကို ဖက်တွယ်ပြီး လိမ္မော်ပင်တွေကြားမှာ ဘ၀ကို ကျေနပ်နေတတ်တဲ့ သမိုင်းတွေ သိပ္ပံတွေ ဇီဝတွေ ထက် ပေါက်တူး တစ်လက် အကြောင်းကို ပိုပြီးသိတတ်တဲ့ မိခင်..... နိုင်ငံခြားဆိုတာ စကားလုံးလေးနဲ့တောင် အကျွမ်းမ၀င်တဲ့ သူ့ဘ၀အတွက် ခုတော့ နိုင်ငံခြားရောက်နေတဲ့ သားတစ်ယောက်အပေါ် နေ့စဉ်အတွေးတွေနဲ့ စကားလုံးတွေကြားမှာ ရေပန်းစားနေလောက်ပြီ ထင်မိပါ
သည် ... သားတစ်ယောက်သူဆီကို အရောက်ပြန်လာ ဖို့ထက် သူဘာကိုများမျော်လင့်နိုင်မတဲ့လည်း....
ကျနော့် အဖို့ကား သတိတရ မေတ္တာပို့သပေးတာက လွဲပြီးဘာမှမတတ်နိုင် သို့ပေမယ့် အမေဆုံးမခဲ့တဲ့ စကားလုံးတိုင်းကို မြေ၀ယ်မကျ ဦးနှောက်ထည်းမှာ သံမှိုစွဲကပ်ထားသလို ယနေ့တိုင် မမေ့နိုင်ပေ... တကယ်လို့ ကျနော်မေ့သွားတဲ့တစ်နေ့ဟာ ကျနော်သေဆုံးသွားတဲ့နေ့ပဲဖြစ်မှာပါ.....