Pages

Subscribe:
လာရောက်သူအပေါင်း ချမ်းသာကြောင်း ဆုတောင်းမိပါသည်... ကြံတိုင်းအောင် ဆောင်တိုင်းမြောက်ပါစေ လိုတိုင်းတလို့ မှန်းတိုင်းရပါစေ...

Thursday, 17 November 2011

ငါအိုသွားသောအခါ

ငါအိုသွားသောအခါ ငါဟာအရင်က ငါမဟုတ်တော့ဘူး၊
ငါ့ကိုနားလည်ပေးပါ  စိတ်ရှည်ရှည်ထား ဆက်ဆံပေးပါ။

ချည့်နဲ့နဲ့လက်တွေနဲ့ ထမင်းဟင်းတွေ အင်္ကျီပေါ်ဖိတ်စင်သွားတဲ့အခါ 
အင်္ကျီလုံကျီ ဖိုသီဖက်သီဖြစ်နေတဲအခါ ငါ့ကိုမရွံနဲ့ ၊ 
ငယ်ငယ်တုံးက ငါသုတ်သင်ပေးခဲ့တာကို ကျေးဇူးပြုပြီးသတိရပေးပါ။

အပ်ကြောင်းထပ်မက ပြောဖူးတဲ့စကားတွေ ပြန်ပြောမိတဲ့အခါ 
စကားမဖြတ်ဘဲကျေးဇူးပြုပြီး နားထောင်ပေးပါ။
ငယ်ငယ်တုန်းက အိပ်ရာဝင်တိုင်းတစ်ထောင့်တစ်ည ပုံပြင်တွေ၊ 
ငါးရာ့ငါးဆယ်နိပါတ်တော်တွေ ဇာတ်ကြီးဆယ်ဘွဲ့စတဲ့ပုံပြင်တွေကို 
မရိုးအောင်ပြောရင်း ငါချော့သိပ်ခဲ့တာကို သတိရပေးပါ။

မလှုပ်ရှားနိုင်လို့ ရေချိုးဖို့အကူအညီလိုတဲ့အခါ ငါ့ကိုမငြိုငြင်ပါနဲ့ ၊ 
ငယ်ငယ်တုန်းကချော့တစ်လှည့်ခြောက်တစ်လှည့်
ရေချိုးပေးခဲ့ဘူးတဲ့ ပုံရိပ်လေးကိုမြင်ယောင်ပေးပါ။

ခေတ်သစ် နည်းပညာသစ်တွေကို မသိ နားမလည်ခဲ့ရင် မလှောင်ပါနှင့် ။
ငယ်ငယ်တုန်းက 'ဘာကြောင့်ဆိုတဲ့' မေးခွန်းတိုင်းကိုစိတ်ရှည်စွာ 
ငါပြန်ဖြေခဲ့တာကိုသတိရပေးပါ။

စိတ်သွားတိုင်းကိုယ်မပါ နွမ်းလျပြီးလမ်းမလျောက်နိုင်တဲ့အခါ 
ခွန်အားပါတဲ့လက်တစ်စုံနဲ့ ငါ့ကိုကူတွဲပေးကြပါ။
လမ်းလျှောက်သင်စအရွယ်တုန်းက တစ်လှမ်းချင်း
လမ်းလျှောက်လေ့ကျင့်ပေးခဲ့တာတွေကို သတိရပေးပါ။

တစ်နေ့ထက်တစ်နေ့ အိုစာသွားတဲ့ငါ့ကိုကြည့်ပြီး 
ဝမ်းမနည်းပါနှင့် နားလည်ပေးပါ။ အားပေးပါ။
အရင်တုန်းက လူ့ဘဝတက်လမ်းအတွက် ငါလမ်းညွန်ခဲ့သလို
အခုအချိန်မှာ ငါ့ဘဝနောက်ဆုံးအချိန်အတွက် အဖော်ပြုပေးပါ။

ချစ်ခြင်းမေတ္တာနဲ့ အေးမြမှုတွေကိုငါပြုံးပြုံးလေး လက်ခံမှာပါ ၊ 
အဲ့ဒီအပြုံးတွေမှာ မဆုံးတဲ့ငါ့မေတ္တာတွေကို တွေ့ရမှာပါ ။