Pages

Subscribe:
လာရောက်သူအပေါင်း ချမ်းသာကြောင်း ဆုတောင်းမိပါသည်... ကြံတိုင်းအောင် ဆောင်တိုင်းမြောက်ပါစေ လိုတိုင်းတလို့ မှန်းတိုင်းရပါစေ...

Sunday, 29 January 2012

ကဗျာ သို့လည်ပတ်ခြင်း

ငါ့ဘ၀ရဲ့
 ပထမဦးဆုံး မျော်လင့်ချက်များ
ပထမဦးဆုံး ဆူးခလုတ်များ
ပထမဦးဆုံး ကျွမ်းကျင်မှုများ 
ဒါတွေနဲ့ပဲ 
သစ်ရွက်ခြောက်တွေကောက်ရင်း
မနက်ဖြန်ရောက်လာခဲ့ပြီ....

ရာသီတွေ တစ်ခုပြီးတစ်ခု
သေဆုံးသွားတဲ့အခါ
နေညိုချိန်တွေကို ပိုလွမ်းတတ်လာတယ် 
“ငွေက ဒုတိယဘုရားသခင်”ဆိုတဲ့ စင်းထင့်စ် နဲ့
လောကကိုသင်ရိုးညွန်းတမ်းတစ်ခုလို 
သဘောထား အနမ်းတစ်ခုကိုလည်း
ကောင်မလေးတစ်ယောက်ထံ 
အကြွေးထားခဲ့ဖူးတယ်...

 ကြိုးတံတားပေါ်က ခြေထောက်တစ်စုံ
တုန်ရီနေတဲ့အခါ 
မင်းမဲ့နန်းတွင်းတစ်ခုဆီက 
ငါ့နှလုံးသားတွေ လုံခြုံဖို့
ဒြဗ်တစ်ခုအကြောင်း
ရေးဖွဲ့သီဆိုရဦးမယ်...

ကဗျာမရေးတတ်ပေမယ့် 
ကဗျာတစ်ပုဒ်နှင့်အတူ ကြိုးမိန့်ခံယူဖို့ 
နန္ဒသူရိယကို ဆည်းကပ်ရဦးမယ်....

တစ်နေ့မှာ 
ငါ့ကိုအလည်းထိုးမယ့် သေမင်းကို 
လက်ဦးမှုရယူဖို့ 
ဓမ္မတွေကို ငါသင်ယူရဦးမယ်...

 ငါ့ရင်ဘတ်တွေ ခုန်နေသေးတယ် 
ဒီတော့...
မျော်လင့်ချက်တွေ လမ်းလျှောက်နေတုန်းပဲ 
 သာယာမိတဲ့တေးသွားတစ်ခု မနက်ဖြန်တွေမှာ 
လူပိုစည်လာမယ့် အွန်လိုင်းပွဲတော်အကြောင်း 
တကယ်တော့ ပြက္ခဒိန်ဆိုတာ နေ့ရက်တွေကို
ဘောင်ခတ်ထားတဲ့ နံရံစာကြည့်တိုက်တစ်ခုပါ...

 နွားများ သုံးဘီးကားများ ဆိတ်များ 
အဆင့်ဆင့်လူတန်းစားများ 
ဒီလိုမြင်ကွင်းတွေ ရိုးအီနေရင် 
မျက်လုံးမိတ်ပြီး လမ်းလျှောက်လိုက်ပေါ့
တကယ်တော့ ပြဇာတ်ဆိုတာ 
မာယာတွေနှောနေတဲ့ ဖန်တီးမှုတစ်ခုပဲ
မဟုတ်လား...

Sunday, 22 January 2012

ပြောင်းလဲမှု

သက္ကရာဇ်တွေ ပြန်တွက်စစ်ရင် ဆယ်စုနှစ် သုံးခုလောက်မျှရှိဦးမည်  အရာရာပြောင်းလည်းသွား သည်ကား မြန်ဆန်လွန်းသည် ဟုထင်ရသည် ဟိုတစ်ချိန်တုန်းက သီတင်းကျွတ် သင်္ကြန်ကာလ ၀ါဆိုလ ဒီလိုအခါကြီး ရက်ကြီးတွေမှာ တိုက်နယ်ရှိ ဘုန်းကြီးကျောင်းများကုန်အောင် ကျောင်းတက် ကန်တော့လှည့်လည်ကြ ဆွေမျိုးများသို့ သွားရောက် ကန်တော့ကြ ရွာမှာရှိတဲ့ အသက်ကြီးတဲ့ပုဂ္ဂိုလ်တွေကို ညအခါမှာသွားရောက်ကန်တော့ကြတာ ညအခါမှာ ထိန်ထိန်သာတဲ့ လမင်းကြီးကလည်း လမ်းပြပေးလို့ပေါ့ ချမ်းလို့တယ်ပြောလို့ ကျနော့အစ်ကိုအစ်မတွေက နွေးလာအောင် ပြေးလိုက်တဲ့ ကျနော်လည်း   ပြေးတာပေါ့ ပျော်လိုက်တာ အရမ်းပဲ သွားရောက်ကန်တော့တဲ့ အိမ်တွေကလည်း ဂျင်းသုပ် လ္ဘက်သုပ် ပဲကြော်တွေနဲ့ အိမ်တိုင်း ဧည့်ခံကြတယ်လေ ဒါကိုသဘောကျဆုံးပဲ စားလိုက်တာပိုက်တင်းနေတာပဲ ထမင်းစားခိုက်ကြုံလို့ခေါ်ရင်တောင် ရင်းနီးခင်မင်မှုတွေကို အားကိုးပြီး ကြုံတုန်းကို ၀င်ကြိတ်လိုက်
သေးတယ် မတိုးတက်သေးတဲ့ တော့ဓလေ့တွေမှာ ဟင်းကောင်းဆိုတာ အခါကြီး ရက်ကြီးတွေမှာ ဆွမ်းပို့ ရန်အတွက်ရည်စူးပြီးဝယ်ချက်ကြပါတယ် အသားတွေစားဖို့ဆိုတာ အတော်လေးဝေးကွာလွန်းပါတယ် ရွာမှာရှိတဲ့လူတွေကလည်း စည်းလုံးကြ ချစ်ခင်ကြ ကူညီကြ ရိုင်းပင်းကြလို့ပေါ့ တရွာလုံးမှ ၁၄လက်မ TV အဖြူအမည်း ၁လုံးပဲရှိသည် ဒါတောင်ဘက္ထရီကို ဟို၂မိုင်လောက်မှာရှိတဲ့ နေရာကိုသွားပြီးသွင်းရတယ် ကြည့်ရင်းနဲ့ ဘက္ထရီကုန်သွားတဲ့အခါတွေကတော့ မရေတွက်နိုင်အောင် များလွန်းပါတယ်ပက်ဆံတစ်မတ်ပေးပြီးကြည့်ခဲ့ကြရတာပါ ညနေစာဆိုရင် တစ်ရွာလုံးကို ထမင်းပန်းကန်း ကိုင်ပြီး ဟင်းကောင်းတဲ့ နေရာ ဒါမှမဟုတ် ခင်မင်ရာအိမ်တွေမှာ လိုက်စားကြတယ်လေ ညည လသာတဲ့အခါမှာ လိုက်တမ်း ပြေးတမ်း ပုန်းတမ်း ရှာတမ်းကစားခဲ့ကြတာ ရွာမှာရှိတဲ့ ကလေးအားလုံးပါဝင်ကြပြီး ပျော်စရာအကောင်းဆုံးအချိန်တွေရှိခဲ့ကြတယ် ပြန်တွေးမိတိုင်း ပျော်ရွှင်မိသည်ကား လွမ်းစရာတစ်ခုနှယ် ထင်ကျန်ခဲ့လေပြီ...
ဒီနေ့ခေတ် တိုးတက်လာတဲ့ခေတ် မှာ ဘုန်းကြီးကျောင်းတွေကို ကန်တော့သွားရင် နီးစပ်ရာ ရင်းနီးရာ ကိုယ့်ကောစရဂါမ် ကျောင်းတွေကိုပဲ သွားရောက်ကန်တော့ကြ... ရွာမှာရှိတဲ့ အသက်ကြီးပုဂ္ဂိုလ်တွေကို လိုက်ပြီး ကန်တော့ကြသည်ကား အတော်လေးရှားပါးသွားကြသည် အိမ်နီးချင်း နီးကပ်နေတာတောင် မကန်တော့ကြတော့ပါ ထမင်းစားခေါ်သည်ကား ၀တ်တရားအရသာဖြစ်သည် နှစ်နှစ်ကာကာခေါ်သည်ကား နည်းပါးကြသည် ရွာဆိုပေမယ့် ခုလိုတိုးတက်လာတော့အိမ်နီးချင်းက မြို့ဆန်ဆန်နေကြပြီး အသားငါးတွေက  နေ့တိုင်းလိုလိုပင် ရွာတွင်းမှာလာရောက်ရောင်းနေကြသည် အိမ်တိုင်းလိုလို TV တွေရောင်စုံ  DVD /CD ဆိုင်ကယ်တွေ ပိုင်ဆိုကြသည် လျှပ်စစ်မီးတွေလည်း ကိုယ်ထူ ကိုယ်ထ စနစ်ဖြင့်လင်းလက်နေသည် ဒီလိုတိုးတက်လာတဲ့ခေတ်တွေမှာ လသာညဆိုတာ အရင်ကလိုပျော်စရာမကောင်းတော့ပါဘူး ကလေးတွေလည်း ကျနော်တို့နည်းတူ ပြေးလွှားဆော့ ကစားတာ မတွေ့ရတော့ပါ ဘာဖြစ်လို့လည်းဆိုတော့ တရွာလုံး တမျိုးလုံး တဆွေလုံး ညီညွတ်ကြဖို့ ကူညီကြဖို့ ရိုင်းပင်းကြဖို့ မဆိုထားနဲ့ ညီအစ်ကို မောင်နှမအချင်းချင်းတောင် လူကြီး မိဘတွေ သဟဇာတ မဖြစ်ကြတော့ ကလေးတွေကလည်  အချင်းချင်းပျော်ရွှင်စွာ အားလုံးညီညီညွတ်ညွတ်နဲ့ မကစားနိုင်တော့ဘူးပေါ့... မာနကိုယ်စီနဲ့ တိုးတက်တဲ့ခေတ်တွေဆီကို ချီတက်ခဲ့ကြပြီလေ  စိတ်ဓာတ်တွေကား ခြေ ဖ၀ါးအောက်ရောက်လို့ ရောက်မှန်းမသိ ဘယ်သူကို အပြစ်ဆိုရမလည်း ခေတ်ကိုပဲ အပြစ်ဆိုရမလား.... ပျော်စရာဆိုတာ ဖန်းတီးယူလို့တောင်မရနိုင်တော့တဲ့ ပတ်ဝန်းကျင်တွေကြားမှာ ကိုယ်ချင်းစာတရားတွေလည်း မရှိသလောက် ကိုနည်းပါးသွားပြီလေ ခေတ်က တိုးတက်လာလေ လိုချင်လာလေပေါ့ ဒီတော့ရှေ့ဆက်ပြီးလည်း တိုးတက်လာဦးမှာပါ ပိုပြီးလည်းတစ်ခုပြီးတစ်ခုလိုချင်လာကြတာပါ ဒီလိုတိုးတက်လေလေ လိုချင်လေလေ ဆိုတဲ့ လောဘ၊ သူတစ်ပါး ချမ်းသာတာကို မုဒိတာမပွား မေတ္တာမထားနိုင်တော့ မနာလိုဝန်တိုမှုဆိုတဲ့ ဒေါသ ၊ လိုချင်နေတဲ့ လောဘ ၊ စိတ်ဆိုးခြင်း မနာလိုဝန်တိုမှုဖြစ်ခြင်းဆိုတဲ့ဒေါသ ၊ အဲဒီ လောဘ ဒေါသတွေကို မသိခြင်းဆိုတဲ့ အ၀ိဇ္ဇာ မောဟတရားတွေက ခေတ်နဲ့တပြေးညီတိုးတက်လာတော့ အနာဂါတ်ဆိုတာ တကယ့်ကိုလွမ်းစရာမရှိတဲ့ လောကအိမ်မက်တစ်ခုလို ဖြစ်သွားကြမှာပါ ကျနော်တိုးတိတ်စွာတောင်းတ နေမိ သည့် အချက်က ခေတ်နဲ့တပြေးညီ ကိုယ်ချင်းစာတရား မေတ္တာတရားတွေ တိုးတက်လာရင် ဘယ်လောက် ကောင်းမလည်းလို့ပေါ့.....


Sunday, 15 January 2012

အဝေးဆုံးသို့

ဘ၀ရဲ့ပန်းချီကားတစ်ချပ်ကို အလှပဆုံးဖြစ်ဖို့အတွက် ကဗျာဆန်တဲ့လက်တွေနဲ့ ကျနော်ရေးဆွဲခဲ့ဖူးတယ် ဒါပေမယ့် ထင်သလိုဖြစ်မလာခဲ့ပါဘူး တကယ်တော့ဘ၀ဆိုတာ အိပ်မက်မဟုတ်သလို စိတ်ကူးယဉ်ဖန်တီး ထားတာလည်းမဟုတ်ပါဘူး ပုံပြင်မဟုတ်သလို ဒဏ္ဍာရီလည်းမဟုတ်ခဲ့ပါဘူး လက်တွေ့ကျတဲ့ ရုန်းကန်လှုပ်ရှားမှု တစ်ခုပါ... မဝေးသေးတဲ့ တချိန်တုန်းကဘ၀ကိုဆန့်ကျင်ပြီး နှလုံးသားကိုအလိုက် အချစ်စိတ်ကိုကစားခဲ့ဖူးတယ် ရင်ခွင်မှာပူလောင်စွာ ခံစားဖူးတဲ့ ဝေဒနာဆူးတွေအတွက် ဘာတွေနဲ့ကုစားရမလဲ... အရိုးသားဆုံးဝန်ခံရလျင် အိပ်မက်လှလှမက်မိတဲ့ အချိန်တုန်းက လန့်နိုးမှာစိုးခဲ့တဲ့ ဆန္ဒတစ်စုံကို မိုးလင်းတဲ့အထိတည်ရှိနေစေချင်ခဲ့တာ.. တူနှစ်ကိုယ်ပေါင်းစီးဖို့ ကံကြမ္မာတံတိုင်းကြီးက စည်းတစ်ခုလို ခြားထားတော့ မဖြစ်နိုင်ဘူးဆိုတဲ့အသိ ကိုယ်စီ ရှိနေခဲ့ကြပေမယ့် ၀မ်းနည်းစွာ လမ်းခွဲဖို့ အတွက် နှစ်ဖက်စလုံးက မဖြစ်နိုင်တဲ့တူညီသော အကြောင်းပြချက် တစ်ခုပါ... အလွမ်းဇာတ်ကို တခန်းရပ်ဖို့ အဝေးတဖက်ကို ပြေးထွက်ခဲ့ပေမယ့် မသိစိတ်တွေက တမ်းတနေလေတော့ ဝေဒနာအကြွင်းကျန် တွေနဲ့ ဘ၀ကိုတင်းခံနေခံရတာပါ ဒီလိုနဲ့ မဖြေသာတဲ့ ၀ဒနာတွေကို အချိန်တွေနဲ့ ကုစား မနက်ဖြန်ရဲ့   နေ့များစွာမှာ  ရွေ့သွားနေတဲ့ တိမ်တိုက်တစ်ခုလို လွတ်လပ်စွာ လွင့်မျော နေချင်ခဲ့တယ်လေ....

ပျော်ရွှင်ခဲ့တဲ့ နေ့တစ်နေ့

အကျဉ်းသားတွေလွတ်မြောက်လာတော့ ဘာမှမပတ်သက်တဲ့ ကျနော့ရဲ့စိတ်တွေက အလိုလိုပေါ့ပါး ပျော်ရွှင် နေမိတာ တော်တော်နှင့်တောင် အိပ်မပျော်နိုင်အောင်ပါပဲ ၀မ်းသာလွန်းလို့ပါ... တကယ်လည်း လွတ်လပ်ခြင်း လွတ်မြောက်ခြင်းဆိုတာ ကောင်းတဲ့ရလာဒ် မဟုတ်ပါလား ...ပြည်သူတွေအတွက် ထောင်တွင်းမှာ နှစ်ပေါင်းများစွာ နာရီပေါင်းများစွာ အချိန်ပေါင်းများစွာ ဒုက္ခပေါင်းများစွာစတေးပြီး ကျော်ဖြတ်လာခဲ့ရတာပါ ဒါကြောင့်ကျနော်သိနေခဲ့တယ် .... သူတို့တတွေရဲ့နှလုံးသားထဲမှာ အားလုံးကောင်းသွားစေချင် လွတ်လပ်သွားစေချင်တဲ့စိတ်တွေ ကိုယ်စီရှိနေကြတာပါ.. ဒီလောက်ကြီးရင်းနှီး ပေးဆပ်လာခဲ့ပြီး ပန်းတိုင်နီးမှ လွယ်လွယ်နဲ့ ဒူးထောက် အရှုံးပေးမှာမဟုတ်ဘူးဆိုတာပါပဲ အရာရာကိုပုံသေတွက်ထားလို့ မရပါဘူး အပြောင်းအလဲဆိုတာ   နေရာတိုင်းမှာ အချိန်တိုင်းမှာ အဆင်သင့်ရှိနေခဲ့တဲ့ နိယာမ တရားတစ်ခုပါ ဒါဟာနားလည်တဲ့သူအတွက် ဓမ္မပေါ့ ... ခေတ်ရဲ့စာမျက်နှာတွေကို ပြန်လှန်ကြည့်ရင် တချိန်က အာဏာ တွေလက်ထဲရှိနေတဲ့ ဗိုလ်ချုပ်ခင်ညွှန့်ဟာ ဗူးညွှန် ဖရုံညွှန့် ဘာညွှန့်မှ မကောင်းဘူးလို့ပြောလိုက်တဲ့ ကိုဇာဂနာကိုထောင်သွင်း အကျဉ်းချခဲ့ဖူးတယ်ဆိုတာ ပြည့်သူတွေအားလုံးကအသိပဲလေ ...    ခုတော့ သူကိုယ် တိုင်ခံစား သူကိုယ်တိုင်ပေးဆပ်ဖူးတော့ သိသွားပြီလေ ကျားဖြစ်တုန်းက စားထားပြီး သမင်ဖြစ်တဲ့အချိန်မှ ကြောက်နေလို့မရဘူး ဆိုတာနားလည်သဘောပေါက်သွားလောက်ပါပြီဗျာ... ဒီလိုပါဘဲ အရာရာဟာပြောင်လည်းနေကြတာပါ ကျနော်တို့ ရွှေမြန်မာနိုင်ငံဟာလည်း ဆိုးပြီးသွားပါပြီ ကောင်း ဖို့ဘဲကျန်ပါတော့တယ် အားလုံးသောနိုင်ငံရေးသမားတွေက ကိုယ်ကျိုးမဖက် အများအကျိုးသက်သက် လုပ်ရိုးမှန်ရင် နိုင်ငံနှင့်ပြည်သူလူထုတွေကို ချစ်ရိုးမှန်ရင် ပရဟိတစိတ်ဓာတ်နဲ့ ရှင်သန်နေရိုးမှန်ရင်ပေါ့ သေချာပြောရဲတယ် မြန်မာပြည်ဟာ ရေနဲ့ဆီလို ပြောင်းလည်းတိုးတက်သွားမှာ အသေချာပါပဲ အားလုံးကညီညွတ်ဖို့အတွက်ကတော့ အရေးကြီးဆုံးအချက်တစ်ခုပေါ့... မြန်မာပြန်အမြန်ဆုံး တိုးတက်လွတ်မြောက်နိုင်ပါစေ...

Sunday, 8 January 2012

စစ်

မြန်မာပြည်မှာ တိုင်းရင်းသားတွေများစွာရှိသည့်အလျောက် အဲဒီများစွာသောတိုင်းရင်းသားတွေ ညီညီညွတ်ညွတ် စည်းစည်း လုံးလုံးနဲ့မောင်နှမရင်းချာလိုနေကြရင် ဘယ်လောက်ပျော်စရာကောင်းမလည်းဆိုတဲ့ အတွေးတွေတွေးမိပြီး စိတ်ကူးယဉ် ပျော်ရွှင်ခဲ့ဖူးသည် တကယ်လို့ကိုယ်လိုချင်သလို ဖန်ဆင်းနိုင်ရင်ကောင်းမှာဘဲ ကျနော်လေအားလုံးကိုမိသားစုလို တစ်ခုတည်းဖြစ်အောင်ဖန်ဆင်းထားချင်တယ် အဲလိုပြောရင် အားလုံးက ခါးနိုက်ပြီး ဟားတိုက်ရယ်ကြမလားမသိဘူးနော်... ဒီလိုHARMONY ဖြစ်ဖို့ဆိုရင် အားလုံးမှာတူညီတဲ့အခွင့်ရေးတွေတော့ ရှိဖို့လိုပါတယ် ဘက်လိုက်မှုတွေလည်း ကင်းရမှာပေါ့ ဒီလိုတူညီတဲ့ရလာဒ်တွေ မရှိကြတော့လူမျိုးရေး မုန်းတီးတဲ့ဝါဒတွေက ပိုပြီးကြီးပွားလာကြတယ် ဒါဟာမဖြစ်သင့်တဲ့အရာပါ တောင်ကြား တောနက်တွေထည်းမှာစစ်ပြေးဘ၀နဲ့ကြီးပြင်းလာခဲ့တဲ့ မိသားစုတွေ ကလေးတွေ သူတို့ရဲ့နှလုံးသားထည်းမှာ အစိုင်အခဲကြီးဖြစ်နေမယ့်အရာတွေက ဘာများအထူးပြောဖို့လိုမလည်း... ဒီလိုနဲ့အထီးကျန်နေကြရတဲ့ဘ၀တစ်ခုအတွက် စိမ်ခံပစ္စည်းတွေမဆိုထားနဲ့ မိသားစုဘ၀ငြိမ်းချမ်းစွာရှင်သန်နိုင်ဖို့ အချိန်တွေကိုနွေးထွေးစွာဖြတ်သန်းနိုင်ဖို့ ဘ၀တစ်ခုလုံး အပူပင်ကင်းစွာလျှောက်လှမ်းဖို့ ဆိုတာသူတို့တွေအတွက် အိမ်မက်တောင် မက်ခွင့်မရကြဘူး... ပြေးရင်း လွှားရင်းနဲ့ဘ၀ဟာ အဓိပ္ပါယ်မယ့်စွာ ရှင်သန်ကြရတယ် အထီးကျန်စွာပဲလွယ်လွယ်နဲ့အဆုံးသတ်သွားကြရတယ် ကြီးနိုင် ငယ်ငြင်း ဘယ်သူသေသေ ငတေမပါရင် ပြီးစတမ်းလို့ အင်အားကြီးတဲ့သူတွေကလုပ်ရက်ကြတာ လူသားတွေဆိုတဲ့ အသိ ကိုယ်ချင်းစာတရားဆိုတဲ့ စိတ်ထားတွေဘယ်များရောက်သွားကြပါလိမ့်...သူတို့ပြောနေကြတဲ့ငြိမ်းချမ်းရေးဆိုတာက ဘယ်သူတွေအတွက်ရည်ရွယ်တာလည်း ... ဗုံတုံတလှည့် ငါးမျှားတံ တလှည့် သမင်ဖြစ်လိုက် ကျားဖြစ်လိုက်နဲ့ ဘ၀တွေရဲ့ အမှောင်တိုက်ထည်းကနေ မထွက်နိုင်ကြတော့ဘူး တကယ်ဆိုရင် လူဘ၀တိုတိုလေးရယ်ပါ လောကကြီးအတွက် ငါဘာတွေ များလုပ်သွားပေးရမလည်း ကိုယ်နဲ့ဆက်စပ်တဲ့ပတ်ဝန်းကျင်အားလုံး ဘာတွေလိုအပ်နေသလည်း အားလုံးကိုပျော်ရွှင် ၀မ်းမြောက်စေနိုင်မယ့် အရာကဘာတွေလည်း လိုအပ်ချက်တွေကောဘာတွေလည်း ဒီလိုပြန်လည်မေးခွန်းထုတ် ပြန်လည် ဆန်းစစ်သင့်တယ်ဆိုတာကို လူသားအားလုံး အဖွဲ့အစည်းအားလုံးကမေ့နေကြတာ ၀မ်းနည်းစရာပါ ... စစ်ဆိုတဲ့စကား ကြားရတာ နားဝမှာခါးလာမိတယ် အာဏာရူးတဲ့အဖွဲ့အစည်းတွေက သူတို့အာဏာရဖို့အတွက် များစွားသောအပြစ်မဲ့ ပြည်သူ တွေ အတိဒုက္ခရောက်ကြ အိုးမဲ့ အိမ်မဲ့ နေရာမဲ့ စားရာမဲ့ဘ၀နဲ့ ဘ၀ကိုရင်ဆိုင်နေကြရတာ တွေးမိတိုင်းရင်နာမိတယ် ပြီးတော့ အမျိုးသားရေးအတွက်တိုက်ပွဲဝင်တာတဲ့ ခုတ်ရာ တခြား ရှရာတခြား ပြီးတော့လည်း ကိုယ့်လူမျိုး ကိုယ့်အမျိုးသားပဲပြန်ပြီး နစ်နာကြရ ပျက်စီးကြရတာပါ တကယ်လို့အဲဒီအဖွဲ့ကို ရာထူးအခွင့်အရေးတွေပေးလိုက်စမ်းပါ သူတို့ငြိမ်သွားလိမ့်မယ် ဒါကလည်းယာယီပေါ့ အထက်ကကောင်းစားနေရင် ဘယ်အဖွဲ့အစည်း မဆိုငြိမ်နေကြတာပဲ ဘယ်မလည်းအမျိုးသားရေး နာမည်ကြားကောင်းရုံသုံးပြီး တကယ်တော့ကိုယ်ကျိုးရှာနေကြတာပါ လက်အောက်ငယ်သားတွေက အထက်ကလက် တစ်ဆုပ်စာလောက်ချမ်းသာဖို့အရေး ချွေးတွေ သွေးတွေ ဘ၀တွေ မိသားစုတွေ အချိန်တွေ ရင်းပြီးပေးဆပ်ခဲ့ကြရတာ စွန့်လွတ်ခဲ့ကြရတာ တွေးကြည့်ရင် တကယ့်ကို ရင်နာစရာကောင်းပါတယ် သေနတ်တဲ့ တကယ်တော့သေနတ်ဆိုတာ မကောင်းဆိုးတွေရန် တိုင်းတစ်ပါးကျူးကျော်တဲ့ရန် စတာတွေကို ကာကွယ်ဖို့မဟုတ်ပါလား ခုတော့ အချင်းချင်းပြန်လည် ပစ်ခတ် သတ်ဖြတ်နေကြတာ တကယ့်ကိုလူသားမဆန်တဲ့လုပ်ရပ်ပါ “စိုင်းဆိုင်မော သီချင်းထည်းကလို ရောင်စုံတွေ ဆန်းပြားလွန်းတဲ့ အပွင့်လေးပေါ်မလာဘူး” လက်နက်ကိုင်တွေများပြားလွန်းတဲ့ မြန်မာပြည်မှာလည်း ငြိမ်းချမ်းရေးတွေ ပေါ်မလာတာ အရမ်းဝမ်းနည်းမိပါတယ်ဗျာ... ဒါပေမယ့် ထာဝစဉ်ငြိမ်းချမ်းပါစေလို့ ကျနော်အမြဲတမ်းဆုတောင်းနေမှာပါ....။

Saturday, 7 January 2012

ဘဝ

သူငယ်ချင်းတွေ တွေ့ဆုံကြတော့ “ဘ၀” ကိုအမျိုးမျိုး အဓိပ္ပါယ်ကောက် ကြသည် တချို့က ဘ၀ဆိုတာတိုက်ပွဲ တချို့က ဘ၀ဆိုတာ ဖြစ်. တည်. ပျက်. စက်ရဟတ်တစ်ခု တချို့ကတော့ဘ၀ဆိုတာ ဘ-ဘီယာနဲ့ဝ-၀က်သားတဲ့ အရက်သမားတွေပြောတာလေ တချို့ကတော့ ဘ၀ဆိုတာ ဘူ+ဓာတ်ဖြစ်တဲ့အတွက် ဖြစ်အောင်လုပ်တာ ဘ၀ပဲတဲ့ တချို့ကတော့ လွယ်လွယ်ပြောကြတယ် ဘ၀ဆိုတာ ဘခုံးနဲ့ဝတဲ့ ဒီလိုအဓိပ္ပါယ်အမျိုးမျိုး အကြောင်းအကျိုးအစုံစုံ ပရိယာယ်အဖုံဖုံဖြင့် ပြောနေကြတဲ့ဘ၀ကို ကျနော့် အမြင်ပြောရရင် ဘ၀ဆိုတာဒုက္ခ သုက္ခတွေ ပြည့်နှက်နေတဲ့ ချိုင့်ခွက်တစ်ခုလို မြင်မိတယ် အကြောင်းဆိုရရင် လူသားတွေကိုယ်စီက သူ့ဒုက္ခနဲ့ သူပါ ဘယ်သူ ကမှ ချမ်းသာနေတာမရှိပါဘူး လူသားတစ်ယောက်မွေးလာတော့မယ်ဆိုရင် ကိုးလလွယ် ဆယ်လဖွားတဲ့ကြားဖူးတယ်မလား ဒီလိုမိခင်တစ်ယောက်ရဲ့ ၀မ်းကြာတိုက်မှာ ကွေးညွတ်မွမ်းကြပ်စွာနေခဲ့ရသူအဖို့ ဒုက္ခဆိုတာ မွေးရာပါ ဒဏ်ရာတစ်ခုလိုဖြစ်နေခဲ့တယ်လေ ဆိုပါစို့ကြီးပြင်းလာပြီဆိုတာနဲ့ တွေ့ကြုံ ခံစားရတဲ့ ဝေဒနာတွေက ဒုက္ခဝေဒနာတွေပဲဖြစ်နေတော့တာပဲ.. ငါချမ်းသာတယ်  လို့ ဘယ်သူကလက်မထောင်ပြောနိုင်မှာလည်း ရုတ်တရက် သိန်း၁၅၀၀ထီပေါက်တယ်ပဲထားဦး အဲဒီလူချမ်းသာ တယ်လို့ပြောနိုင်မတဲ့လား ငါ့မှာငွေအများကြီးရှိတယ်သိလို့ ဘယ်သူခိုး ဓားပြတွေက လာပြီးခိုးယူ လုယက်သွားမလည်း မီးများ လောင်သွားမလား      မုန်တိုင်းတွေတိုက်လို့ များပျက်စီးသွားမလား ဒီလိုဒီလိုအတွေးတွေနဲ့ ပူပန်မှုတွေက သူ့ကိုမချမ်းသာစေနိုင်ပါဘူး ပြီးတော့ ကျန်းမာရေးဆိုတာကလည်းမေ့ထားလို့ မရတဲ့အရာမဟုတ်တော့ ဘယ်သူကကော အမြဲတမ်း ကျန်းမာနေကြသလည်း တော်ကြာခေါင်းကိုက် ဗိုက်နာ ခါးနာ ဒီလိုတွေနဲ့မကြာ ခဏဆိုသလို ကြုံတွေ့နေကြရတယ် သက်ကြီးရွယ်အို ဘ၀ဆိုရင်တော့ ပြောဘွယ် မရှိတော့ဘူးပေါ့ ဒီတော့ဒီခန္ဓာကိုယ်ရပြီးကတည်းက ဒုက္ခတွေဆိုတာ အရိပ်တစ်ခုလို ကပ်ပါလာနေတယ်ဆိုတာ သတိထားမိရင် သိနိုင်ပါတယ် သတိမထားဘူး ဆိုရင်တော့မသိနိုင်ဘူးပေါ့ စာဆိုရှိတယ်လေ “ သတိ မမူ ဂူမမြင် ၊ သတိမူက မြူကိုမြင် ” တဲ့ ချိုင့်ခွက်ဆိုတာက ဘ၀ကိုစပြီဆိုတာနဲ့ လူသားအားလုံးက အလိုတွေဖြည့်နေကြတယ်လေ ဘယ်သူတွေကများပြည့် နေကြပြီလည်း ဘယ်သူတွေကကော ပြည့်သွားကြသလည်း ဒီမေးခွန်းက မေးကြည့်ဖို့မလိုဘူး တွေးကြည့်ရင်သိပါတယ် ဘ၀မှာကိုယ်လိုချင်တဲ့အရာ တစ်ခုကို ရပြီဆိုတာနဲ့ နောက်တမျိုးကတိုးလာတာပဲ ဆိုင်ကယ်မရှိသေးတဲ့ သူကဆိုင်ကယ်လိုချင်တယ် ကဲရသွားပြီ ပြီးတော့ ဖုန်း ကား အိမ် ရာထူး ဒီလိုနဲ့ မြင့်မြင့်ပြီးတော့ ပိုပိုပြီးလိုချင်လာကြတာပဲ ဒါလည်းမဆန်းပါဘူး ဘာကြောင့်လည်းဆိုတော့ လူတစ်ယောက်ဟာ နောက်ဘ၀တစ်ခုကို လိုချင်တဲ့ လောဘက အရင်ဖြစ်လာကြလို့ပဲ ဒါကြောင့် လိုချင်မှုတွေက အတောမသတ်နိုင်အောင် တိုးပြီးရင်းတိုးနေကြတာ သီချင်းထဲကလိုပြောရရင် တော့ ဟိုဘက်တိုးလိုက် ဒီဘက်တိုးလိုက် ....တိုးရင်းနဲ့ရလိုက် ရပြီးတော့တိုးလိုက် .... ပေါ့ ဒီတော့ဘယ်လိုဖြည့်ဖြည့်မပြည့်နိုင်တဲ့ဘ၀ရဲ့ ချိုင့်ခွက်လေးတွေ နဲ့ အဲဒီမှာပြည့်နှက်နေတဲ့ ဒုက္ခ သုက္ခတွေကို တရားဓမ္မတွေ နဲ့ကုစား ဖြည့်စွက် အစားထိုးနိုင်မယ်ဆိုရင် ဘ၀ဆိုတဲ့အရာက လှပစွာ သံသရာနယ်ပယ်က အဆုံးသတ်ပြီး မရေတွက်နိုင်တဲ့အမြတ်တွေနဲ့ တခန်းရပ်သွားနိုင်မယ် ဆိုတာ အကြံပေးတင်ပြလိုက်ပါတယ်....

Sunday, 1 January 2012

သင်ဘာလိုချင်လည်း?..

ကျနော်စာရေးတတ်ချင်သည် ဘာကြောင့်လည်းဆိုတော့ “အလိမ်မာ စာမှာရှိတဲ့”ဆိုဆုံးမစကားက
လူတစ်ယောက်လိမ်မာရေးခြားရှိဖို့ စာပေကအဓိကကျသလို ရိုင်းစိုင်းတဲ့ဘ၀တစ်ခုကို ယဉ်ကျေးသွားအောင် စွမ်းဆောင်နိုင်တာလည်း စာပေရဲ့တန်ခိုးတွေပဲ စာပေမပါတဲ့ဘ၀ရဲ့ခရီးဟာ အင်မတန် ငြီးငွေ့စရာကောင်းသလို အနာဂတ်အတွက်ဝမ်းမြောက်စရာလည်း မရှိပါဘူး ဒီလိုအကြောင်းတွေကြောင့် စာရေးတတ်ချင်သည် တချို့ကပြောတယ် “ရေးတတ်ချင်ရင် များများရေး ၊        ပြောတတ်ချင်ရင် များများပြော”လို့ကြားဖူးတယ် ဒါကြောင့်များများရေးရမယ် မရေးတတ်လို့ မရေးဘူးလို့နေလိုက်ရင် ဘယ်တော့သူ့ဘာသူ တတ်လာမှာတဲ့လည်း...ဘယ်ကလေးကများ တတ်ပြီးသားမွေးလာတာ ရှိလို့လည်း.. ဒီလိုပဲ သင်ရင်းနဲ့တတ်သွားကြတာပဲမဟုတ်လား မျိုးရိုးဗီဇ ရှိမှဖြစ်မှာပါ လို့ပြောချင်တယ်ဆိုရင် သိပ္ပံပညာရှင် အိုင်းစတိုင်း ကိုမေ့ထားလို့မရဘူးဆိုတာကိုတော့ ထောက်ပြလိုက်ချင်တယ် .. ဆိုရိုးစကားရှိတယ်လေ
“ သီဟမည်ခေါ် ခြင်္သေ့သော်လည်း အိပ်ပျော်လျက်သာ နေတုံပါမူ ဘယ်မှာစားဘွယ် ခံတွင်းလယ်သို့ သားငယ်သမင် လာ၍၀င်အံ့” တဲ့ ကောင်းလိုက်တဲ့အဆို ဟုတ်တယ်လေ သားတကာတို့ရဲ့မင်း တောတကာတို့ရဲ့ဘုရင်ဖြစ်တဲ့ ခြင်္သေ့ကြီးတောင်မှ အစာစားချင်လျင် လိုက်ဖမ်းပြီး စားရတာပဲမလား သားသမင်တွေက အလိုလိုသူ့ခံတွင်းမှာ လာပြီးလည်စင်းခံမတဲ့လား အိုး No ဘယ်လိုမှ မဖြစ်နိုင်ဘူး နောက်အဆိုတစ်ခုက “သံကောင်းသည့်ဓား ဖြစ်တုံငြားလည်း ကျောက်သားထက်တွင် မပြုပြင်က သံပင်ကောင်းလျက် ဓားမထက်ဘူး”တဲ့ ဘယ်လောက်သံကောင်းတဲ့ဓား ဖြစ်နေပါစေ ကျောက်သားထက်မှာ မပွတ်တိုက် မသွေးပဲနဲ့တော့ထက်မှာ မဟုတ်ဘူး ဒါကြောင့်တို့တတွေလည်း ဘောလ်ပင် ကိုင်တဲ့လက်တွေကို စာမျက်နှာထက်မှာ များများသွေး ရပါဦးမယ် အခြေခံဆိုတာ တကယ်တော့အရေးကြီးဆုံး Foundation တစ်ခုပါ ဝေဟင်မှာပျံသန်းသွားနေတဲ့ လေယာဉ်တွေတောင်မှ မြေပြင်ကစခဲ့ကြရတာလူတိုင်းအသိဘဲ မူလတန်းက အရေးမပါဘူးဆိုရင် ဆယ်တန်း ဒါမှမဟုတ် တက္ကသိုလ်ဆိုတာကို အဲဒီမူလတန်းမအောင်မြင်ခဲ့လျင် တက်ခွင့် ရပါ့မလား.. တကယ်တော့ကြိုးစားခြင်းဆိုတာ အောင်မြင်ခြင်းရဲ့ဘခင်ပါ ဥပမာပြောရရင် ပတ္တမြားထွက်တဲ့တောင်မှာ အဲဒီပတ္တမြားကိုယ်တိုင်က ဒီလူကိုသာရစေ ဟိုလူကိုသာရစေဆိုတဲ့ ဘက်လိုက်တဲ့သဘောတရားမရှိပါဘူး ဇွဲကောင်းကောင်းနဲ့တူးတဲ့သူပဲ ရသွားကြမှာပါ ဒါဟာသဘာဝဘဲ နောက်ပြီးပတ္တမြားထွက်တဲ့တာင်ကို
ရောက်နေကြတဲ့သူတွေဟာလည်း ဘာမှမဟုတ်တဲ့ ကျောက်ဖြုန်းလေးတွေနဲ့ ကျေနပ်မနေသင့် မလှည့်ပြန်သင့်ဘူး(မကြိုးစားဘဲနဲ့တော့ဘာမှလွယ်လွယ်မရ နိုင်ဘူးဆိုတာကို ကြိုသိတားသင့်ပါတယ်.. တကယ်လို့ရရှိခဲ့မယ်ဆိုရင်တောင် ရေရှည်မခံသလို အစစ်အမှန်လည်းမဟုတ် ပါဘူး) မြန်မာစကားပုံက
မဖြစ်ဘူးဆိုတာမရှိဘူး မဖြစ်သေးတာပဲရှိတယ်
ပြင်သစ်အဆိုအမိန့်က မဖြစ်နိုင်ဘူးဆိုတာဟာ ပြင်သစ်ဝေါဟာရမှာမရှိဘူးတဲ့...
ဘာပဲဖြစ်ဖြစ် ကိုယ်ဖြစ်ချင်တာ ကိုယ်ကိုယ်တိုင် ကြိုးစားခွင့် ဖြစ်ခွင့်ရှိတယ်ဆိုတာတော့ အသေအချာပါပဲ... လောကကြီးမှာ သင်ပိုင်ဆိုင်ချင်တာတွေ ကြိုးစားမှုနဲ့ရယူနိုင်ပါစေဗျာ..