Pages
Subscribe:
လာရောက်သူအပေါင်း ချမ်းသာကြောင်း ဆုတောင်းမိပါသည်... ကြံတိုင်းအောင် ဆောင်တိုင်းမြောက်ပါစေ လိုတိုင်းတလို့ မှန်းတိုင်းရပါစေ...
Thursday, 2 August 2012
ဝါဆိုည
   ၀ါဆို ဟူသောစကားလုံးက မြန်မာပြည်သူပြည်သားတွေအတွက် အလိုလိုနေရင်း ရင်တွင်းကို ငြိမ်းအေးစေနိုင်တဲ့ စကားလုံးပါ ကလေးတွေကိုလည်း ပျော်စေနိုင်သလို လူကြီးတွေကိုလည်း ပိုမိုကုသိုလ်ပွားနိုင်အောင်  အချက်ပြတဲ့ မီးခွက်တခုနယ် တည်ရှိနေတာ အားလုံးအသိပင်ဖြစ်သည် သမီးရည်းစားတွေလည်း ၀ါကျွတ်ရင် ဆိုတဲ့အတွေးတွေနဲ့ အနာဂါတ်ကို ရင်ခုန်တတ်ကြသေးသည်ကား ပြောပြရန်လိုမည်မထင်ပါ တချို့အရက်သမားတွေဆိုရင် ကျန်တဲ့အချိန်ဘယ်လောက်သောက်သောက် ၀ါတွင်းကာလကို ရှောင်ကြဉ် နေကြတာတွေ တွေ့ရတော့ အတော်လေးဝမ်းသာဖွယ်ရာကောင်းလှပါသည်...
          ရှေးသူတော်ကောင်းကြီးတွေက လက်ဆင့်ကမ်းလာခဲ့သည့် မြန်မာ့ယဉ်ကျေးမှု မြန်မာ့ထုံးတမ်းစဉ်လာ များကို ယနေ့ခေတ်လူတွေ မျက်ကွယ်ပြုမထားသင့်ပါ အကြံတူရင် နောက်လူသာစမြဲ ဆိုတဲ့စကားလို နောက်လူ ဖြစ်ကြတဲ့ အားလုံးသောမြန်မာပြည်သူ ပြည်သားတွေက ပိုပြီး အမြတ်တနိုးတန် ဘိုးထားတတ်မယ်ဆိုရင် အရာရာဟာကျေနပ်စရာပါပဲ ဒါတို့နဲ့မဆိုင်ဘူး ခေတ်နောက်ကျန်ခဲ့ပြီ အောက် တယ်ဆိုတဲ့ အသုံးနှုန်းတွေကို လက်စွဲအသုံးပြုနေရင်တော့ ဘ၀ဟာအထီးကျန်ဆန်မှာ အသေချာပါပဲ...
   ငယ်ငယ်တုန်းက အမေ့ဇာတိဖြစ်တဲ့ရွာကို အမေနဲ့အတူ အဘိုး အဘွားတွေထံ ကန်တော့သွားကြတဲ့အချိန်က လမ်းဘေးက သစ်ပင်မှာငှက်တစ်ကောင် ငြိမ်ပြီးနားနေနတာတွေ့တော့ အမေ့ကို လက်ညိုးထိုးပြီးပြတယ် 
အမေ... ဟိုငှက်လေးကလူမြင်လည်း မပြေးဘူးနော်... 
ဘယ်ပြေမလည်းသားရဲ့ သူလည်းဝါဆိုနေတာလေ ...
မှတ်ထားငါ့သားရဲ့ အဲဒါငှက်သူတော်ကောင်းကြီးတွေ ... ငါ့သားကြီးလာရင် မသတ်ရဘူးနော်... တဲ့
ကျနော်ကိုယ်တိုင်ခုထိ ငှက်သူတော်ကောင်းကြီတွေ ဥပုသ်စောင့် ၀ါဆို ကြတယ်ဆိုတာ ယနေ့ထိအောင် ယုံကြည်နေတုန်းပါပဲ...
  ဖြစ်နိုင်တာမဖြစ်နိုင်တာ အသာထား လက်ရှိမှာတော့ ငှက်တွေဝါဆို ဥပုသ်စောင့်ကြတယ်လို့ တွေးလိုက်ရင်ပဲ ရင်ထည်းမှာစိတ်ကျေနပ်မှုတွေ ၀မ်းသာပီတိဖြစ်မှုတွေက ဘ၀ကိုတချို့တ၀က် အားတက်စေတာတော့ ကိုယ့်ကိုယ်ကို အသိဆုံးပါ... မဖြစ်နိုင်ဘူးလို့ ငြင်းမယ်ဆိုရင်တောင် ဇာတ်တော်မှာပါတဲ့ နွားကျောင်းသား ဒုတ်နဲ့ထောက်ပြီး အသက်ကုန်ခမ်းသွားသော တရားနာနေတဲ့ မဏ္ဍုက (ဖား) လေးကို မေ့ထားလို့မရပါဘူးဆိုတာပါပဲ...
        ၀ါဆိုညက စတဲ့ဝါတွင်းကာလဟာ ရဟန်း သံဃာတွေနဲ့သာ ဆိုင်တာမဟုတ်ပါဘူး လူတွေအနေနဲ့လည်း ကုသိုလ်ကောင်းမှုတွေ တရား ဓမ္မတွေကို ခါတိုင်းထက် လေ့လာလိုက်စားရမှာပါ... အကုသိုလ်တရားတွေကိုလည်း အသေးအဖွဲလေးတွေမှအစ မပြုမိအောင် ခါတိုင်းထက် ရှောင်ကြည်ကြရမှာပါ ဖြစ်နိုင်ရင်တော့ ကိုယ်နဲ့လည်း မကောင်းမှုမပြုနဲ့ ၊ နှုတ်နဲ့လည်း မကောင်းမှုမပြုနဲ့ ၊ စိတ်နဲ့လည်းမကောင်းမှုမပြုနဲ့ ၊ အဲဒီ ကာယကံ ၀စီကံ မနောကံ သုံးပါးကို အထူးသဖြင့်စောင့်ထိန်းနိုင်ဖို့ ၀ါဆိုတာပါလားလို့ အသိတရားလေးနဲ့ အတူ ပျော်ရွှင်စွာ ဘ၀ခရီးလမ်းကို ဖြတ်သန်းနိုင်ပါစေလို့... ဆုမွန်ကောင်းတောင်းလိုက်ပါတယ်...
Thursday, 26 April 2012
စာရေးတတ်ချင် စာရေးသင်
ကျနော်စာရေးတတ်ချင်သည် “ အလိမ်မာ စာမှာရှိတဲ့ ” ဆိုရိုးစကား နားဝမှာကြားမိတိုင်း စာပေကို ပိုမြတ်နိုးမိသည် မတတ်တဲ့အရာကို မတတ်ဘူးဆိုပြီးငြိမ်နေရင် သူဘာသူတတ်လာမတဲ့လား... 
ကဗျာတစ်ပုဒ်ကပြောတယ် “ သီဟမည်ခေါ် ခြင်္သေ့သော်လည်း အိပ်ပျော်လျက်သာ နေတုံပါမူ ဘယ်မှာစားဘွယ် ခံတွင်းလယ်သို့ သားငယ်သမင် လာ၍၀င်အံ့..? ”တဲ့ ဟုတ်တယ်လေ 
သားတကာတို့ရဲ့မင်း တောတကာတို့ရဲ့ဘုရင် ဖြစ်တဲ့ခြင်္သေ့တောင်မှ စားချင်လျှင် သားကောင်ကြီးကြီးသေးသေးတူညီတဲ့အားမာန်နဲ့လိုက်ဖမ်းပြီးစားရတာပဲလေ..ဘယ်လိုအားနွဲ့တဲ့သားကောင်မှ 
ပါးစပ်တွင်းကို သူ့အလိုလိုလာဝင်မှာမဟုတ်ဘူး...
ဒါကြောင့်အားခဲပြီး ရေးရမှာပဲဘယ်မွေးကင်းစကလေးမှတတ်ပြီးသား မွေးမလာဘူးလေနော်ဒါကြောင့်ကြိုးစားပြီး
ရေးမယ်လို့ဆုံးဖြတ်ထားတယ် ....
ဆိုင်းဆရာ စိန်ဗေဒါကလည်းပြောဘူးတယ် မလား.. အပျင်းပြေလေ့ကျင့်နေတာလားမေးတော့ မဟုတ်ဘူးတဲ့ ပြိုင်ပွဲရှိလို့တဲ့လေ..ဘယ်ကပြိုင်ပွဲလည်းဆိုတော့... မနေ့ကဆိုင်းဆရာ စိန်ဗေဒါကို ဒီနေ့စိန်ဗေဒါက ယှဉ်ပြိုင်နေတာတဲ့....
ဒီလိုပဲ တိုးတက်ချင်သူတွေအတွက် ကြိုးစားမှုတွေကအဓိကကျပါတယ် နောက်အဆိုတစ်ခုက “သံကောင်းသည့်ဓား ဖြစ်တုံငြားလည်း ကျောက်သားထက်တွင် မပြုပြင်က သံပင်ကောင်းလျက် ဓားမထက်ဘူး”တဲ့.. ဟုတ်တယ်နော် မသွေးဘဲနဲ့တော့ ဘယ်ဓားမှထက်မှာမဟုတ်ဘူးမှတ် ....
ဒီလိုပါပဲအတတ်ပညာဆိုတာ လေ့ကျင့်ခြင်းရဲ့အမွေခံပါတတ်သိနားလည်ခြင်းဆိုတာကလေ့လာလိုက်စား ခြင်ရဲ့
အောင်မြင်မှုပေါ့ဗျာ...
Sunday, 5 February 2012
အချစ်နဲ့အိမ်ထောင်ရေး
ဇာတ်လမ်းက ပြီးသွားပါပြီ ဘာကြောင့်လည်းဆိုတော့ ကျနော်တို့လမ်းခွဲလိုက်ကြပြီလေ....တဲ့ သူငယ်ချင်းတစ်ယောက်နဲ့ ကွဲကွာနေခဲ့တာ မဆုံဖြစ်တာကြာခဲ့ပြီ ခံစားချက်နဲ့ပြောရင်တော့ ပိတောက်နဲ့ချယ်ရီ မဟုတ်ပေမယ့် တစ်ယောက်တနယ်စီ ဝေးကွာသွားခဲ့တာ ဆယ်စုနှစ်တို့ အိုဟောင်းခဲ့ပြီလေ ခုတော့ သူတို့ဘ၀တွေကအရာရာ အသစ်ကနေပြန်စဖို့ မဖြစ်နိုင်တဲ့ အခြေအနေတွေက ဟန့်တားနေခဲ့ပြီ....
ပြန်တွေ့တော့ သူတို့ဘ၀ရဲ့အိမ်ထောင်ရေးအကြောင်းကို မေးမြန်းဖြစ်တယ်  လမ်းခွဲခဲ့ကြပြီတဲ့လေ... သူတို့အိမ်ထောင်ကျတော့ သူတို့အသက်က ၁၇ နှစ်သာသာပဲရှိသေးတယ် ငယ်ရွယ်သူတို့ရဲ့အချစ်တွေက ရာသက်ပန်တည်မြဲဖို့ဆိုတာ အတော်လေးကို မလွယ်တဲ့အရာပါ ဘာကြောင့်လည်းဆိုတော့ ခဏအတွင်းမှာသဘောကျအောင်ပြောဆိုမှုစတဲ့ မွန်နေတဲ့ချစ်စိတ် တစ်ခုတည်းနဲ့ စဉ်းစားမှုမပါဘဲ အိမ်ထောင်ပြုသွားကြလို့ပဲ...
မြန်မာပြည်မှာ တောရွာတွေမှာရော ဖြစ်ပျက်နေကြတဲ့ အိမ်ထောင်ပြုဇာတ်လမ်း တစ်ခုပါ လမ်းမှာတွေ့ 
ချစ်ရေးဆို ခုကြိုက် ခုလိုက်ပြီးတော့တစ်လ နှစ်လကြာတော့ ပြန်ကွဲကြ မိဘတွေကဘယ်လိုစိတ်ချမ်းသာ
မှုတွေရရှိနိုင်မှာတဲ့လည်း ...
ဒါတွေက ရာဂသက်သက်နဲ့ အိမ်ထောင်ပြုတာပါ တကယ်ချစ်တယ်ဆိုတာကို ဘာတွေနဲ့သက်သေပြမလဲ...
လူတကာသုံးနေတဲ့ အချစ်ဆိုတဲ့စကားလုံးတွေမှာ လျှို့ဝှက်ချက်တွေ နဲ့ပြည့်နှက်နေတယ်ဆိုတာ မသိကြလေတော့ အချစ်ဆိုတာကို မုန်ဝါးဝါး အတွေးတွေနဲ့ လိုသလိုဆွဲကောက်ချက်ချကြတယ်လေ တကယ်တော့ အိမ်ထောင်ပြုတယ်ဆိုတာ ဘ၀အတွက်အဖေါ်မွန်ရှာတာပါပဲ ရေရှည်မှာ မောင်နှမရင်း ချာလို ချစ်တတ်ဖို့ အချင်းချင်းအပြန်အလှန်လေးစားမှု နားလည်မှုတွေဟာ ရာသက်ပန် မရှိမဖြစ်
လိုအပ်တဲ့ အိမ်ထောင်ဘ၀ရဲ့ တန်ဆာပလာတစ်ခုဖြစ်တယ်ဆိုတာ စဉ်းစားတွေးခေါ်ပြီး လုပ်ရတဲ့ မနုဿကိစ္စ တစ်မျိုးပါ ...
ညားကြပြီးရင် အရင်ကလို သမီးရည်းစားဘ၀တုန်းကလို ချစ်ကြမတဲ့လား မဖြစ်နိုင်ပါဘူး ဒီတော့တူနှစ်ကိုယ်ဘ၀ နဲ့ နှစ်ကိုယ်တစ်စိတ်မရတော့ပါဘူး  မောင်နှမရင်းချာလို မေတ္တာမျိုးနဲ့နေထိုင်မှ 
ဘ၀က ငြိမ်းချမ်း စိုပြေမှာပါ...
တကယ်တော့ ဘ၀ဆိုတာ နေတတ်ရင်ကျေနပ်စရာပါ အခက်ခဲဆိုတာဟာလည်း တကယ်တော့ကြောက်စရာမဟုတ်ပါဘူး ဘ၀နဲ့တွန်တွဲပါလာတဲ့ ဒုတိယအဖေါ်မွန်ပါပဲ ....
အဲ...တစ်ခုတော့ရှိတယ်ဗျ သိပ်မကြာပဘူး ခုတော့ ကျနော့်သူငယ်ချင်းတို့က ပြန်ပေါင်းသင်းသွားကြပြီလေ သူတို့အတွဲကို ကြည့်ရင်း သင်္ခန်းစာယူမိတယ်  “ တတ်လည်း တတ်နိုင်ပါပေရဲ့”ဗျာ...တကယ်တော့ အိမ်ထောင်ပြုတယ်ဆိုတာ ဦးနှောက် ကိစ္စပါ နှလုံးသားက လက်ညိုးထိုးပြယုံသက်သက်ပါပဲ ....
Sunday, 29 January 2012
ကဗျာ သို့လည်ပတ်ခြင်း
ငါ့ဘ၀ရဲ့
 ပထမဦးဆုံး မျော်လင့်ချက်များ
ပထမဦးဆုံး ဆူးခလုတ်များ
ပထမဦးဆုံး ကျွမ်းကျင်မှုများ 
ဒါတွေနဲ့ပဲ 
သစ်ရွက်ခြောက်တွေကောက်ရင်း
မနက်ဖြန်ရောက်လာခဲ့ပြီ....
ရာသီတွေ တစ်ခုပြီးတစ်ခု
သေဆုံးသွားတဲ့အခါ
နေညိုချိန်တွေကို ပိုလွမ်းတတ်လာတယ် 
“ငွေက ဒုတိယဘုရားသခင်”ဆိုတဲ့ စင်းထင့်စ် နဲ့
လောကကိုသင်ရိုးညွန်းတမ်းတစ်ခုလို 
သဘောထား အနမ်းတစ်ခုကိုလည်း
ကောင်မလေးတစ်ယောက်ထံ 
အကြွေးထားခဲ့ဖူးတယ်...
 ကြိုးတံတားပေါ်က ခြေထောက်တစ်စုံ
တုန်ရီနေတဲ့အခါ 
မင်းမဲ့နန်းတွင်းတစ်ခုဆီက 
ငါ့နှလုံးသားတွေ လုံခြုံဖို့
ဒြဗ်တစ်ခုအကြောင်း
ရေးဖွဲ့သီဆိုရဦးမယ်...
ကဗျာမရေးတတ်ပေမယ့် 
ကဗျာတစ်ပုဒ်နှင့်အတူ ကြိုးမိန့်ခံယူဖို့ 
နန္ဒသူရိယကို ဆည်းကပ်ရဦးမယ်....
တစ်နေ့မှာ 
ငါ့ကိုအလည်းထိုးမယ့် သေမင်းကို 
လက်ဦးမှုရယူဖို့ 
ဓမ္မတွေကို ငါသင်ယူရဦးမယ်...
 ငါ့ရင်ဘတ်တွေ ခုန်နေသေးတယ် 
ဒီတော့...
မျော်လင့်ချက်တွေ လမ်းလျှောက်နေတုန်းပဲ 
 သာယာမိတဲ့တေးသွားတစ်ခု မနက်ဖြန်တွေမှာ 
လူပိုစည်လာမယ့် အွန်လိုင်းပွဲတော်အကြောင်း 
တကယ်တော့ ပြက္ခဒိန်ဆိုတာ နေ့ရက်တွေကို
ဘောင်ခတ်ထားတဲ့ နံရံစာကြည့်တိုက်တစ်ခုပါ...
 နွားများ သုံးဘီးကားများ ဆိတ်များ 
အဆင့်ဆင့်လူတန်းစားများ 
ဒီလိုမြင်ကွင်းတွေ ရိုးအီနေရင် 
မျက်လုံးမိတ်ပြီး လမ်းလျှောက်လိုက်ပေါ့
တကယ်တော့ ပြဇာတ်ဆိုတာ 
မာယာတွေနှောနေတဲ့ ဖန်တီးမှုတစ်ခုပဲ
မဟုတ်လား...
Sunday, 22 January 2012
ပြောင်းလဲမှု
သက္ကရာဇ်တွေ ပြန်တွက်စစ်ရင် ဆယ်စုနှစ် သုံးခုလောက်မျှရှိဦးမည်  အရာရာပြောင်းလည်းသွား သည်ကား မြန်ဆန်လွန်းသည် ဟုထင်ရသည် ဟိုတစ်ချိန်တုန်းက သီတင်းကျွတ် သင်္ကြန်ကာလ ၀ါဆိုလ ဒီလိုအခါကြီး ရက်ကြီးတွေမှာ တိုက်နယ်ရှိ ဘုန်းကြီးကျောင်းများကုန်အောင် ကျောင်းတက် ကန်တော့လှည့်လည်ကြ ဆွေမျိုးများသို့ သွားရောက် ကန်တော့ကြ ရွာမှာရှိတဲ့ အသက်ကြီးတဲ့ပုဂ္ဂိုလ်တွေကို ညအခါမှာသွားရောက်ကန်တော့ကြတာ ညအခါမှာ ထိန်ထိန်သာတဲ့ လမင်းကြီးကလည်း လမ်းပြပေးလို့ပေါ့ ချမ်းလို့တယ်ပြောလို့ ကျနော့အစ်ကိုအစ်မတွေက နွေးလာအောင် ပြေးလိုက်တဲ့ ကျနော်လည်း   ပြေးတာပေါ့ ပျော်လိုက်တာ အရမ်းပဲ သွားရောက်ကန်တော့တဲ့ အိမ်တွေကလည်း ဂျင်းသုပ် လ္ဘက်သုပ် ပဲကြော်တွေနဲ့ အိမ်တိုင်း ဧည့်ခံကြတယ်လေ ဒါကိုသဘောကျဆုံးပဲ စားလိုက်တာပိုက်တင်းနေတာပဲ ထမင်းစားခိုက်ကြုံလို့ခေါ်ရင်တောင် ရင်းနီးခင်မင်မှုတွေကို အားကိုးပြီး ကြုံတုန်းကို ၀င်ကြိတ်လိုက်
သေးတယ် မတိုးတက်သေးတဲ့ တော့ဓလေ့တွေမှာ ဟင်းကောင်းဆိုတာ အခါကြီး ရက်ကြီးတွေမှာ ဆွမ်းပို့ ရန်အတွက်ရည်စူးပြီးဝယ်ချက်ကြပါတယ် အသားတွေစားဖို့ဆိုတာ အတော်လေးဝေးကွာလွန်းပါတယ် ရွာမှာရှိတဲ့လူတွေကလည်း စည်းလုံးကြ ချစ်ခင်ကြ ကူညီကြ ရိုင်းပင်းကြလို့ပေါ့ တရွာလုံးမှ ၁၄လက်မ TV အဖြူအမည်း ၁လုံးပဲရှိသည် ဒါတောင်ဘက္ထရီကို ဟို၂မိုင်လောက်မှာရှိတဲ့ နေရာကိုသွားပြီးသွင်းရတယ် ကြည့်ရင်းနဲ့ ဘက္ထရီကုန်သွားတဲ့အခါတွေကတော့ မရေတွက်နိုင်အောင် များလွန်းပါတယ်ပက်ဆံတစ်မတ်ပေးပြီးကြည့်ခဲ့ကြရတာပါ ညနေစာဆိုရင် တစ်ရွာလုံးကို ထမင်းပန်းကန်း ကိုင်ပြီး ဟင်းကောင်းတဲ့ နေရာ ဒါမှမဟုတ် ခင်မင်ရာအိမ်တွေမှာ လိုက်စားကြတယ်လေ ညည လသာတဲ့အခါမှာ လိုက်တမ်း ပြေးတမ်း ပုန်းတမ်း ရှာတမ်းကစားခဲ့ကြတာ ရွာမှာရှိတဲ့ ကလေးအားလုံးပါဝင်ကြပြီး ပျော်စရာအကောင်းဆုံးအချိန်တွေရှိခဲ့ကြတယ် ပြန်တွေးမိတိုင်း ပျော်ရွှင်မိသည်ကား လွမ်းစရာတစ်ခုနှယ် ထင်ကျန်ခဲ့လေပြီ...
ဒီနေ့ခေတ် တိုးတက်လာတဲ့ခေတ် မှာ ဘုန်းကြီးကျောင်းတွေကို ကန်တော့သွားရင် နီးစပ်ရာ ရင်းနီးရာ ကိုယ့်ကောစရဂါမ် ကျောင်းတွေကိုပဲ သွားရောက်ကန်တော့ကြ... ရွာမှာရှိတဲ့ အသက်ကြီးပုဂ္ဂိုလ်တွေကို လိုက်ပြီး ကန်တော့ကြသည်ကား အတော်လေးရှားပါးသွားကြသည် အိမ်နီးချင်း နီးကပ်နေတာတောင် မကန်တော့ကြတော့ပါ ထမင်းစားခေါ်သည်ကား ၀တ်တရားအရသာဖြစ်သည် နှစ်နှစ်ကာကာခေါ်သည်ကား နည်းပါးကြသည် ရွာဆိုပေမယ့် ခုလိုတိုးတက်လာတော့အိမ်နီးချင်းက မြို့ဆန်ဆန်နေကြပြီး အသားငါးတွေက  နေ့တိုင်းလိုလိုပင် ရွာတွင်းမှာလာရောက်ရောင်းနေကြသည် အိမ်တိုင်းလိုလို TV တွေရောင်စုံ  DVD /CD ဆိုင်ကယ်တွေ ပိုင်ဆိုကြသည် လျှပ်စစ်မီးတွေလည်း ကိုယ်ထူ ကိုယ်ထ စနစ်ဖြင့်လင်းလက်နေသည် ဒီလိုတိုးတက်လာတဲ့ခေတ်တွေမှာ လသာညဆိုတာ အရင်ကလိုပျော်စရာမကောင်းတော့ပါဘူး ကလေးတွေလည်း ကျနော်တို့နည်းတူ ပြေးလွှားဆော့ ကစားတာ မတွေ့ရတော့ပါ ဘာဖြစ်လို့လည်းဆိုတော့ တရွာလုံး တမျိုးလုံး တဆွေလုံး ညီညွတ်ကြဖို့ ကူညီကြဖို့ ရိုင်းပင်းကြဖို့ မဆိုထားနဲ့ ညီအစ်ကို မောင်နှမအချင်းချင်းတောင် လူကြီး မိဘတွေ သဟဇာတ မဖြစ်ကြတော့ ကလေးတွေကလည်  အချင်းချင်းပျော်ရွှင်စွာ အားလုံးညီညီညွတ်ညွတ်နဲ့ မကစားနိုင်တော့ဘူးပေါ့... မာနကိုယ်စီနဲ့ တိုးတက်တဲ့ခေတ်တွေဆီကို ချီတက်ခဲ့ကြပြီလေ  စိတ်ဓာတ်တွေကား ခြေ ဖ၀ါးအောက်ရောက်လို့ ရောက်မှန်းမသိ ဘယ်သူကို အပြစ်ဆိုရမလည်း ခေတ်ကိုပဲ အပြစ်ဆိုရမလား.... ပျော်စရာဆိုတာ ဖန်းတီးယူလို့တောင်မရနိုင်တော့တဲ့ ပတ်ဝန်းကျင်တွေကြားမှာ ကိုယ်ချင်းစာတရားတွေလည်း မရှိသလောက် ကိုနည်းပါးသွားပြီလေ ခေတ်က တိုးတက်လာလေ လိုချင်လာလေပေါ့ ဒီတော့ရှေ့ဆက်ပြီးလည်း တိုးတက်လာဦးမှာပါ ပိုပြီးလည်းတစ်ခုပြီးတစ်ခုလိုချင်လာကြတာပါ ဒီလိုတိုးတက်လေလေ လိုချင်လေလေ ဆိုတဲ့ လောဘ၊ သူတစ်ပါး ချမ်းသာတာကို မုဒိတာမပွား မေတ္တာမထားနိုင်တော့ မနာလိုဝန်တိုမှုဆိုတဲ့ ဒေါသ ၊ လိုချင်နေတဲ့ လောဘ ၊ စိတ်ဆိုးခြင်း မနာလိုဝန်တိုမှုဖြစ်ခြင်းဆိုတဲ့ဒေါသ ၊ အဲဒီ လောဘ ဒေါသတွေကို မသိခြင်းဆိုတဲ့ အ၀ိဇ္ဇာ မောဟတရားတွေက ခေတ်နဲ့တပြေးညီတိုးတက်လာတော့ အနာဂါတ်ဆိုတာ တကယ့်ကိုလွမ်းစရာမရှိတဲ့ လောကအိမ်မက်တစ်ခုလို ဖြစ်သွားကြမှာပါ ကျနော်တိုးတိတ်စွာတောင်းတ နေမိ သည့် အချက်က ခေတ်နဲ့တပြေးညီ ကိုယ်ချင်းစာတရား မေတ္တာတရားတွေ တိုးတက်လာရင် ဘယ်လောက် ကောင်းမလည်းလို့ပေါ့.....
Sunday, 15 January 2012
အဝေးဆုံးသို့
ဘ၀ရဲ့ပန်းချီကားတစ်ချပ်ကို အလှပဆုံးဖြစ်ဖို့အတွက် ကဗျာဆန်တဲ့လက်တွေနဲ့ ကျနော်ရေးဆွဲခဲ့ဖူးတယ် ဒါပေမယ့် ထင်သလိုဖြစ်မလာခဲ့ပါဘူး တကယ်တော့ဘ၀ဆိုတာ အိပ်မက်မဟုတ်သလို စိတ်ကူးယဉ်ဖန်တီး ထားတာလည်းမဟုတ်ပါဘူး ပုံပြင်မဟုတ်သလို ဒဏ္ဍာရီလည်းမဟုတ်ခဲ့ပါဘူး လက်တွေ့ကျတဲ့ ရုန်းကန်လှုပ်ရှားမှု တစ်ခုပါ... မဝေးသေးတဲ့ တချိန်တုန်းကဘ၀ကိုဆန့်ကျင်ပြီး နှလုံးသားကိုအလိုက် အချစ်စိတ်ကိုကစားခဲ့ဖူးတယ် ရင်ခွင်မှာပူလောင်စွာ ခံစားဖူးတဲ့ ဝေဒနာဆူးတွေအတွက် ဘာတွေနဲ့ကုစားရမလဲ... အရိုးသားဆုံးဝန်ခံရလျင် အိပ်မက်လှလှမက်မိတဲ့ အချိန်တုန်းက လန့်နိုးမှာစိုးခဲ့တဲ့ ဆန္ဒတစ်စုံကို မိုးလင်းတဲ့အထိတည်ရှိနေစေချင်ခဲ့တာ.. တူနှစ်ကိုယ်ပေါင်းစီးဖို့ ကံကြမ္မာတံတိုင်းကြီးက စည်းတစ်ခုလို ခြားထားတော့ မဖြစ်နိုင်ဘူးဆိုတဲ့အသိ ကိုယ်စီ ရှိနေခဲ့ကြပေမယ့် ၀မ်းနည်းစွာ လမ်းခွဲဖို့ အတွက် နှစ်ဖက်စလုံးက မဖြစ်နိုင်တဲ့တူညီသော အကြောင်းပြချက် တစ်ခုပါ... အလွမ်းဇာတ်ကို တခန်းရပ်ဖို့ အဝေးတဖက်ကို ပြေးထွက်ခဲ့ပေမယ့် မသိစိတ်တွေက တမ်းတနေလေတော့ ဝေဒနာအကြွင်းကျန် တွေနဲ့ ဘ၀ကိုတင်းခံနေခံရတာပါ ဒီလိုနဲ့ မဖြေသာတဲ့ ၀ဒနာတွေကို အချိန်တွေနဲ့ ကုစား မနက်ဖြန်ရဲ့   နေ့များစွာမှာ  ရွေ့သွားနေတဲ့ တိမ်တိုက်တစ်ခုလို လွတ်လပ်စွာ လွင့်မျော နေချင်ခဲ့တယ်လေ....